မြန်မာအခေါ်ခံရဖို့ မထိုက်တန်တဲ့သူတွေ
Written By လူထုစိန်ဝင်း.
ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျောင်းသူဟောင်း သုံးယောက် ရောက်လာတယ်။ တစ်ယောက်က တိုကျိုက၊ တစ်ယောက်က တိုင်ပေ က၊ နောက်တစ်ယောက်ကတော့ တိုင်ပေမှာ လေး၊ ငါး၊ ခြောက်နှစ် သွားနေပြီးမှ ရန်ကုန်ပြန်လာနေသူ ဖြစ်တယ်။ တိုင်ပေကတစ်ယောက် ကတော့ တရုတ်နှစ်သစ်ကူးအချိန် ရောက်တိုင်း ပြန်လာနေကျဖြစ်ပေမယ့် ဂျပန်ကတစ်ယောက်ကတော့ ထွက်သွားပြီးကတည်းက အခုမှပထမဆုံး အကြိမ်ပြန်တွေ့ရတာ ဖြစ်တယ်။
ဗမာစကားပီသတဲ့လူတွေ
သုံးယောက်သားချိန်းပြီး အတူရောက်လာကြတာဆိုတော့ စကား တွေပြောလို့ မကုန်အောင်ဖြစ်နေကြ တယ်။ အဲဒီလိုစကားပြောကြရင်းက တစ်ခုသတိထားလိုက်မိတယ်။ ဂျပန် ကလာတဲ့ တပည့်မက ဗမာစကားကို ဘာသံမှမ၀ဲဘဲ ပီပီသသကြီးပြောနေတဲ့အချက် ဖြစ်တယ်။ အခုတလော ရေဒီယိုကနေကြားကြားနေရတဲ့ ဂျပန်ရောက်ဗမာတွေရဲ့စကားပြောသံတွေ ဟာ ဂျပန်သံဝဲ၀ဲ နေကြတာတွေ့ရတယ်။ စကားပြောရင်းနောက်ဆုံး စကားလုံးကျရင် အသံကိုသံရှည်ဆွဲ သွားပြီးမှ ရုတ်တရက် ရပ်ပစ်လိုက်ကြတယ်။ ဂျပန်စကားပြောနေကျမို့ နေမှာပဲလို့မှတ်ထင်နေတယ်။ ဟောအခု တစ်ယောက်ကတော့ ဘာသံမှမ၀ဲဘဲ ဗမာစကားကို ဗမာလိုပဲပီပီသသကြီး ကိုပြောနေလိုက်တာ အံ့သြတောင် သွားရတယ်။ တကယ်တော့ သူက ဗမာတောင်မဟုတ်ပါဘူး။ လားရှိုး ဇာတိ မြန်မာပြည်ပေါက် တရုတ်မလေးပါ။ စက်မှုတက္ကသိုလ်က ဗိသု ကာဘွဲ့ရပြီး ၁၉၈၈ ခုနှစ် မတိုင်မီက တည်းက ဂျပန်ကို ထွက်သွားတာဖြစ် ပါတယ်။ အခုရောက်လာတဲ့ သုံးယောက်စလုံး တရုတ်မလေးတွေပါ။ တိုင်ပေမှာနေသူကလည်း ဟိုမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပါပြီ။ ဘာသံမှ မ၀ဲပါဘူး။
ဗမာစကားမပီသတဲ့ဗမာတွေ
အသံမ၀ဲရုံတင်မဟုတ်ဘူး။ သူ က မြန်မာပြည်ကိုလည်း ချစ်ပါ တယ်။ နှစ်ကူးချိန်ရောက်တိုင်း တစ်နှစ်တစ်ခေါက် ရောက်အောင်ပြန်ပါ တယ်။ ရောက်တာနဲ့သူ့ဇာတိ ဇီးကုန်း ကိုပြန်ပြီး ငယ်စဉ်က ဆရာသမား တွေကိုလိုက်လံ တွေ့ဆုံပြီးကန်တော့ ပါတယ်။ ဘုန်းကြီးကျောင်းတွေ ဘာတွေကိုလည်း လှူဒါန်းမှုတွေ လုပ်ပါတယ်။ သူက တိုင်ပေကအဆင့်မြင့် နိုင်ငံတကာဟိုတယ်ကြီးတစ်ခုမှာ မန်နေဂျာအဆင့် ရာထူးရထားပါတယ်။ ဒါပေမဲ့ သူများတကာတွေလို မိဘဆွေမျိုးတွေပါခေါ်ပြီး ဟိုမှာမနေပါ ဘူး။ တစ်ယောက်တည်းပဲ နေပါတယ်။ သူတို့တစ်တွေလို နှစ်ပေါင်းနှစ်ဆယ်၊ အစိတ်နိုင်ငံခြားသွားနေတဲ့ မြန်မာပြည်ပေါက် တရုတ်မလေးတွေက ဗမာ စကားပီပီသသပြောပြီး မြန်မာပြည် ကို ချစ်နေကြပေမယ့် လွန်ခဲ့တဲ့လေး ငါးနှစ်ကမှ နိုင်ငံခြားရောက်သွားတဲ့ ဗမာစစ်စစ်တွေက ဗမာစကားကိုနိုင်ငံခြားသံဝဲပြီး ပြောနေကြတာကိုတော့ ဘယ်လိုမှနားမလည်နိုင်တာ အမှန်ပါပဲ။
မြန်မာပြည်နဲ့မတန်ဘူးတဲ့
တချို့များ ဗမာစကားကို နိုင်ငံခြားသံဝဲပြီး ပြောရုံတောင်မကပါဘူး။ သူတို့တတ်ထားတဲ့ ပညာတွေဟာ မြန်မာပြည်နဲ့ မတန်အောင် မြင့်နေတဲ့ အတွက် ပြန်လာလည်းအချည်းနှီးပဲ လို့တောင်ပြောတတ်ကြသေးတယ်။ တတ်ထားတဲ့ပညာနဲ့ လူသားတွေကို အကျိုးပြုနေဖို့ပဲလိုတယ်။ ဘယ်နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်မျိုးမထားသင့်ဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဂလိုဘယ် အ မြင်ရှိဖို့ လိုတယ်။ ဟိုနိုင်ငံသား၊ ဒီနိုင်ငံသားဆိုတဲ့ သတ်မှတ်ချက်တွေဟာ ခေတ်နဲ့ မညီတော့ဘူး။ လူသားအားလုံးဟာ ကမ္ဘာသူ၊ ကမ္ဘာသားတွေပဲ လို့ ကြည့်တတ်မြင်တတ်ရမယ်လို့လည်း ပြောလေ့ရှိကြတယ်။ အရှက် မရှိလို့ မျက်နှာပြောင်တိုက်ပြီးပြောနေ ကြတာပါ။ ကိုယ့်ရပ်ကိုယ့်ရွာကကိုယ့် ဆွေမျိုးအသိုင်းအ၀ိုင်းကိုတောင် အကျိုးပြုချင်တဲ့ စေတနာမရှိတဲ့သူမျိုးက ကမ္ဘာ့ လူသားတွေကို အကျိုးပြုမယ်လို့ ပြောနေတာကိုဘယ်သူက ယုံမှာလဲ။
သူများတွေပါ အမြီးပြတ်စေချင်လို့
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ချင်း ကိုယ်နေချင်ရာနေ၊ ကိုယ်လုပ်ချင်တာလုပ်၊ ကိုယ့်အပူမဟုတ်လို့ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် အမြီးပြတ်တာကို ဆိတ်ဆိတ်မနေဘဲ သူများတွေပါ အမြီးလိုက်ဖြတ်ဖို့ တောင်ပြောမြောက်ပြော လျောက်ပြောနေတာတွေတော့ သည်း မခံနိုင်ဘူး။ ဒါပေမဲ့ တော်ပါသေးတယ်။ အဲဒီလို အမြီးပြတ်တွေက လက်တစ်ဆုပ်စာလောက်သာရှိလို့။ နိုင်ငံခြားရောက် မြန်မာလူငယ်တွေ အများစုကတော့ သူတို့လိုမဟုတ်ကြ ဘူး။ ကြိုးစားပမ်းစားအလုပ်တွေ လုပ်ပြီး မိဘတွေကိုကျေးဇူးဆပ်နေ ကြရှာတာပါ။ တချို့များ အလုပ်နှစ် မျိုးပြောင်းပြီး တစ်နေ့ကို ၁၆ နာရီ လောက်အထိကို လုပ်ကြရရှာတာ။ တချို့ကျတော့လည်း အလုပ်တစ်ဖက်လုပ်ရင်းနဲ့ ကျောင်းတက်ပညာ သင်လိုက်ကြသေးတယ်။ ဒီကြားထဲ ကတောင် မိဘတွေဆီလစဉ်မပျက်မကွက် လှမ်းပြီးကန်တော့နေကြတာ ချီးကျူးစရာကောင်းလှတယ်။
တွံတေးသိန်းတန်ကြိုက်ကြလွန်းလို့
အနှစ်နှစ်ဆယ်၊ အစိတ် နိုင်ငံခြားသွားမယ့်သူတွေကို အင်္ဂလိပ် စကားပြောသင်တဲ့ ဆရာလုပ်ခဲ့တာဆို တော့ ကမ္ဘာ့နိုင်ငံအတော်များများမှာ ကျောင်းသူကျောင်းသားတွေထောင် နဲ့ချီပြီးရှိနေကြပါတယ်။ မြန်မာပြည် ဟာ သူတို့ပညာနဲ့မထိုက်တန်သေးလို့ ပြန်မလာဘူးလို့ ပြောတဲ့သူ ကိုယ့်ကျောင်းသူကျောင်းသားထဲက လေး ငါးယောက်ထက်မပိုပါဘူး။ အများစုက မြန်မာပြည်ကို လွမ်းတသသနဲ့ နေနေကြတာချည်းပါ။ တွံတေးသိန်းတန်နဲ့ ဟင်္သာတထွန်းရင် သီချင်းခွေတွေဆို ကိုယ်ကသာနားမထောင်တာ တပည့်တွေမှာလို့ ခဏခဏ၀ယ်ပို့နေ ရတယ်။ တချို့များ ကြံကြံဖန်ဖန် ကျောက်ငရုတ်ဆုံနဲ့ လဲမှို့ခေါင်းအုံး တောင်မှာလို့ပို့ရတယ်။ အမေရိကန် မှာ မွေးပြီး ဟိုမှာပဲကြီးတဲ့ တစ်ဦးတည်းသော မြေးယောက်ျားလေးက တောင်မြန်မာပြည်ကအချဉ်ထုပ်တွေ နဲ့ လက်ဖက်သုပ်ကိုသိပ်ကြိုက်တာ။ ''များများနဲ့မြန်မြန်ပို့ပါဖိုးဖိုး'' လို့ဖုန်း ဆက်တိုင်းပြောလေ့ရှိပါတယ်။
သူတို့ပြန်လာကြမှာပါ
အဖေဗမာ၊ အမေဗမာဆိုတော့ မြေးကလေးရဲ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေက ဗမာ့သွေးတွေချည်း မဟုတ်လား။ ဇာတိသွေးဆိုတာ ပျောက်ခဲပါတယ်။ ဗမာသွေးမနှော တဲ့ တပည့်မလေးတွေတောင် မြန်မာ့ မြေမှာမွေး၊ မြန်မာ့လေကိုရှူ၊ မြန်မာ့ ရေကိုသောက်ပြီး မြန်မာ့ဆန်ကိုစားခဲ့ ကြတာ ဖြစ်လေတော့ မြန်မာပြည်ကိုပဲ လွမ်းတသသဖြစ်နေကြတာပါ။ အခွင့်သာတိုင်း မြန်မာပြည်ကိုပြန်လာ ကြပါတယ်။ ကိုယ့်နိုင်ငံအပြင်ထွက် ပြီး နိုင်ငံစုံရောက်ဖူးလေလေ မြန်မာ ပြည်လောက်နေချင်စရာကောင်းတဲ့ ပျော်စရာကောင်းတဲ့နိုင်ငံမရှိဘူးဆိုတာ သိလေလေဖြစ်တာကြောင့် တစ်နေ့မှာ သူတို့ပြန်လာကြမှာပါ။ မြန်မာပြည်ဟာ သူတို့ပညာနဲ့ မထိုက်တန်သေးဘူးဆိုတဲ့ လူတွေကိုလည်းစကား တစ်ခွန်းပြောချင်ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်မျိုးတွေဟာ မြန်မာလူမျိုး ဖြစ်ဖို့ထိုက်တန်တဲ့ အဆင့်မဟုတ်ဘူး ဆိုတာပဲဖြစ်ပါတယ်။
အနတ္တကို ဦးထိပ်ထား
မြန်မာလူမျိုးဖြစ်ဖို့ဆိုတာ လွယ်တယ်ထင်သလား။ ဗြဟ္မစိုရ်တရားနဲ့ ဟီရိသြတပ္ပတရားတွေကို နားလည် သဘောပေါက်ပြီး လိုက်နာကျင့်သုံး မှ မြန်မာလူမျိုးစစ်တာ။ နိုင်ငံခြားမှာ ဘယ်လောက်အကြာကြီးနေနေ ဒီတရားတွေကို လိုက်နာကျင့်ကြံနေသရွေ့မြန်မာလူမျိုးလို့ ခေါ်နိုင်တယ်။ ဒီ တရားတွေကို လုံးဝပစ်ပယ်ပြီး 'ဘယ်သူသေသေငတေမာပြီးရော' ဆိုတဲ့ စိတ်ဓာတ်မျိုးထားသူဆိုရင်တော့ မြန်မာနိုင်ငံတွင်းမှာနေလည်း မြန်မာလူ မျိုးလို့ အခေါ်ခံရဖို့ မထိုက်တန်ပါဘူး။ မြန်မာစိတ်၊ မြန်မာစရိုက်ရဲ့ အနှစ် သာရက 'အတ္တ' ကိုပယ်ခွာခြင်းဖြစ်တယ်။ ဗုဒ္ဓဆုံးမခဲ့တဲ့ 'အနတ္တ' တရား ကိုဦးထိပ်ထားကြတယ်။ ''ဘယ်သူ သေသေ ငတေမာပြီးရော'' စိတ်က 'အတ္တ' လွန်ကဲမှုဖြစ်တယ်။ လူအများ ဘာဖြစ်ဖြစ် 'ငါ' ကောင်းစားဖို့သာ အဓိကဆိုတဲ့စိတ်ဖြစ်တယ်။ ဒီလူမျိုး တွေက မျောက်ပြဆန်တောင်းလုပ်တာမျိုးကိုလည်း ရှက်ရကောင်းမှန်း မသိဘူး၊ကြောက်ရကောင်းမှန်းလည်း မသိဘူး။ မေတ္တာ၊ကရုဏာ၊ စေတနာ ဆိုတာတွေလည်းနားမလည်ပါဘူး။ ဒီလူမျိုးတွေဟာ မြန်မာလို့အခေါ် ခံရဖို့ မထိုက်တန်သူတွေပါ။
....................................................................................
လူကိုလူလိုလေးစားခြင်းဟာ ယဉ်ကျေးမှု
Written by လူထုစိန်ဝင်း
စာနယ်ဇင်းတွေဖတ်ရင်းနဲ့ အနယ်နယ်အရပ်ရပ်မှာ စာပေဟောပြောပွဲနဲ့ စာပေဆွေးနွေးဝိုင်းတွေလုပ်ကြတဲ့ သတင်းတွေမပြတ်တွေ့နေရတယ်။ ဟိုရှေးကတော့ နတ်တော်လဆန်း တစ်ရက်နေ့ တစ်ရက်တည်းပဲ စာပေဟောပြောပွဲနဲ့ စာဆိုတော်နေ့ ကျင်းပကြတယ်။ နောက်တော့ မန္တလေးက ဦးလေးလူထုဦးလှက နတ်တော်လတစ်လလုံးကို စာဆိုတော်လလို့ သတ်မှတ်ပြီး စာပေဟောပြောပွဲတွေ လုပ်ကြပါလို့ စတင်လှုံ့ဆော်ခဲ့တာကြောင့် စာဆိုတော် နေ့ကျော်လွန်သွားလည်း ဟော ပြောပွဲတွေ ဆက်လုပ်ကြတယ်။
ဆရာတွေဖောင်းပွနေ
အခုတော့ နတ်တော်လတစ်လတည်း သာမကတော့ဘူး။ တစ်နှစ်ပတ်လုံး စာပေဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ တောရောမြို့ပါမကျန် ကျင်းပနေကြတာကို ၀မ်းသာစရာတွေ့ရတယ်။ ဦးလေးလှသာရှိရင် သိပ်ဝမ်းသာမှာ။ စာပေ လှုပ်ရှားမှု သတင်းမှန်သမျှ မလွတ်တမ်းဖတ်ရင်းနဲ့ သတိထားမိတာ လေးတစ်ခုရှိပါတယ်။ နယ်တစ် နယ်မှာ စာပေလှုပ်ရှားမှုတစ်ခုလုပ်တဲ့ သတင်းကိုရေးကြရာမှာ ဥက္ကဋ္ဌ ဆရာမောင်ဘယ်သူကသဘာပတိ လုပ်ပြီး အတွင်းရေးမှူးဆရာ မောင်ဘယ်ဝါက အခမ်းအနားမှူး လုပ်တယ်။ ဆရာမောင်ဖြူ၊ ဆရာမောင်နီ၊ ဆရာမောင်နက်၊ ဆရာမောင်ပြာ၊ ဆရာမောင်ဝါ၊ ဆရာမောင်ညို၊ ဆရာမောင်စိမ်းတို့က စာတမ်းဖတ်ကြ၊ဆွေးနွေးကြတယ်။ ဆရာမောင်ခရမ်းရောင်နဲ့ဆရာမောင် ပန်းရောင်တို့က ကဗျာရွတ်ကြတယ်စတဲ့ အရေးအသားမျိုးတွေ ကိုချည်းတွေ့ရတယ်။ သတင်းတစ် ပုဒ်အနေနဲ့'လိုတိုရှင်း'မဖြစ်သလို ဆရာဆိုတဲ့ အသုံးအနှုန်းကလည်း ဖောင်းပွနေသလို ထင်မိတယ်။
ခြေသည်းလှီးတဲ့ ဆရာကတော်
ပြောရတာအားနာပါတယ်။ ကိုယ်ကစာဖတ်မနှံ့စပ်တော့ ဖော်ပြထားတဲ့ နာမည်တွေအားလုံးလောက် နီးပါးဟာကိုယ်မကြားဖူးတဲ့နာမည်တွေချည့် ဖြစ်နေတတ်တယ်။ ရှေ့လျောက်ကြိုးစားပြီး စာကိုနှံ့စပ် အောင်ဖတ်မှဖြစ်တော့မယ်လို့ ကိုယ့်ကိုယ်ကိုယ်သတိပေးရတယ်။ တစ်ဆက်တည်းပြောချင်တာလေးတစ်ခု ကြုံတုန်းပြောလိုက်ပါဦးမယ်။ ကျွန်တော်တို့ မြန်မာလူမျိုးများက ယဉ်ကျေးလွန်းတာလား၊ နိဝါတတရား ထားလွန်းတာလားတော့ မသိဘူး။ ဆရာအခေါ် သိပ်ကိုရက်ရောလွန်း တယ်လို့စိတ်ထဲစွဲထင်နေတဲ့ အကြောင်းပါ။ ကားဆရာ၊ ဆိုက်ကားဆရာ၊ ပန်းရံဆရာ၊ လက်သမားဆရာ၊ ဆံပင်ညှပ် ဆရာစသဖြင့် လူတွေ့ တိုင်း ဆရာခေါ်တာ အကျင့်ကြီး တစ်ခုလို ဖြစ်နေပါပြီ။ ကျွန်တော် တို့ငယ်ငယ်က မန္တလေးမှာရပ်ကွက် ထဲလှည့်ပြီးခြေသည်းလက်သည်းလှီး၊ နဖာကလော်လုပ်တဲ့ ပုဏ္ဏေးမတွေ ရှိပါတယ်။သူတို့ကိုဘာကြောင့်မှန်း မသိ'ဆရာကတော်'လို့ခေါ်ကြတယ်။
သခင်ခေါ်ရာက ကူးစက်တာလား
အသက်ကြီးလာတော့သူများတွေက ဆရာကတော်၊ ဆရာကတော် နဲ့ခေါ်တာကြားတိုင်း ခြေသည်းလှီးတဲ့ ဆရာကတော်တွေကို မျက်စိထဲမြင်ပြီး ကျိတ်ပြုံးမိတာချည့်ပါပဲ။ လူတွေ့တိုင်း ဆရာခေါ်တဲ့အကျင့် ဟာ ရှေးပဝေသဏီကတည်းကရှိခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုလား၊ သူ့ကျွန်ဘ၀မှာ မျက်နှာဖြူတွေကိုသခင်ခေါ်ရာက ကူးစက်သွားတာလား။ ဖက်ဆစ်တွေကို မာစတာခေါ်ရာက နှုတ်အကျင့်ဖြစ်သွားတာလား သေသေချာချာ လေ့ကျင့်ကြည့်ဖို့တော့ ကောင်းတယ်။ ဆရာ၊ ဆရာနဲ့ ပြောကြရေးကြတာတွေ တွေ့တိုင်းစိတ်ထဲမှာ ဘ၀င်မကျဖြစ်မိတယ်။ ကောင်းတဲ့အကျင့်တစ်ခုတော့ မဟုတ်ဘူးလို့လည်း စိတ်မှာထင်မိတယ်။
သွေးနထင်ရောက်ဖြစ်တတ်တယ်
အချက်နှစ်ချက်ပေါ်မူတည်ပြီး ကောင်းတဲ့အကျင့်မဟုတ်ဘူးလို့ထင်တာပါ။ ပထမအချက်ကတော့ဆရာ၊ ဆရာနဲ့အခေါ်ခံရပါများတော့ အခေါ်ခံရသူဟာ အလိုလိုနေရင်း သွေးနထင်ရောက်ပြီး မြောက်ကြွမြောက်ကြွဖြစ် သွားတတ်ပါတယ်။ ရုံးတစ်ရုံးကို ကိစ္စရှိလို့သွားတဲ့အခါတွေ့တဲ့ ပြာတာကိုဖြစ်ဖြစ်၊ စာရေးလေးကိုဖြစ်ဖြစ်၊ မျက်နှာချိုသွေးပြီး ဆရာ၊ ဆရာနဲ့ ဆရာချင်းထပ်အောင်ခေါ်တဲ့ အခါကျတော့ပင်ကို ရိုးသားတဲ့လူတောင် ဆရာဆိုတဲ့အခေါ်နဲ့လိုက်အောင် အာ ဏာပါဝါပြချင်တဲ့ စိတ်တွေဝင်လာပြီး ဟိန်းတာဟောက်တာတွေ လုပ်တတ်သွားပါတယ်။ ဆေးရုံပေါက်စောင့်တဲ့ ဒရ၀မ်တောင် ခပ်တည်တည်နဲ့ ရင်ကော့ပြီး တံခါးဝမှာရပ်လိုက်ရင် အလိုလိုရှိန်ပြီး ရိုရိုကျိုးကျိုးနဲ့ တံခါးဖွင့်ပေးလေ့ရှိပါတယ်။ ကြောက်သ လိုလို၊ ရွံ့သလိုလိုနဲ့သူ့ကို ဆရာခေါ်ပြီး ၀င်ပါရစေလို့ သွားပြောရင်တော့ ''ဒါလူနာတွေ့ချိန်မဟုတ်ဘူး'' ဆိုပြီး မာန်မဲလွှတ်လိုက်မှာ သေချာတယ်။ ထပ်ပြီးမျက်နှာငယ်လေးနဲ့ တောင်းပန်ရင်လည်း ''ဆရာဝန်ကြီးရောင်း လှည့်နေတယ်။ ဘယ်သူမှမ၀င်ရ ဘူး''လို့ ဟောက်ဦးမှာပါပဲ။
လူယဉ်ကျေးဆိုတာ တစ်ဖက်သားကို လူတစ်ယောက်အနေနဲ့ တန်ဖိုးထားလေးစားတတ်ခြင်းကို ခေါ်တာဖြစ်တယ်။ တစ်ဖက်သားရဲ့ အပေါ်ယံ ပကာသန အဆောင်အယောင်တွေကိုကြည့်ပြီး 'ခယ၀ပ်တွား' ဆက်ဆံတာကို ခေါ်တာမဟုတ်ဘူး။
ကျွန်စိတ်
လူတွေ့တိုင်း ဆရာခေါ်တဲ့ အကျင့်ဖြစ်နေသူနဲ့ပတ်သက်တာက ဒုတိယအချက်ပါ။ ဆေးရုံက ဒရ၀မ် ကိုတောင် ဆရာခေါ်တဲ့အကျင့်ဖြစ် နေသူဟာ ဘယ်သူ့တွေ့တွေ့ ဆရာခေါ်လိုက်မှာပဲ။ ကြာရင်လူတိုင်းဟာ ကြောက်ရမယ့်လူ၊ 'ခယ၀ယ' လုပ် ရမယ့်လူလို့ချည်း ထင်မှတ်ပြီးအလိုလိုနေရင်း 'သိမ်ငယ်စိတ်' (inferiorty complex)တွေ ၀င်လာတတ်ပါ တယ်။ သိမ်ငယ်စိတ်ဝင်လာတာနဲ့ တစ်ပြိုင်နက် ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စတွေပါ အလိုလို ကျဆင်းသွားလေ့ရှိပါတယ်။ ကျွန် စိတ်ဆိုတာ သိမ်ငယ်စိတ်က ပေါက်ဖွားလာတာဖြစ်ပါတယ်။
သခင်
စိတ်နယ်ချဲ့လက်အောက်မှာ ကျွန်သပေါက်ဘ၀နဲ့ သားစဉ်မြေးဆက် နှစ်ပေါင်းရာကျော်နေခဲ့ရလေတော့။ လူတွေမှာ အနည်းနဲ့အများဆိုသလို ကျွန်စိတ်တွေ ရှိနေကြတယ်။ အဲဒါကြောင့် တို့ဗမာအစည်းအရုံးခေတ်မှာ၊ မြန်မာဆိုတာ ကျွန်လူမျိုး မဟုတ်ဘူး။ ကိုယ့်ထီးကိုယ့်နန်းကိုယ့် ကြငှန်းနဲ့ အဆင့်မြင့်တဲ့ ကိုယ်ပိုင် ယဉ်ကျေးမှုနဲ့နေခဲ့ကြတဲ့ သခင်လူမျိုးဖြစ်တယ်ဆိုတာကို သတိပေးဖို့ အတွက်အဖွဲ့ ၀င်တိုင်းရဲ့နာမည်ရှေ့ မှာ 'သခင်'တပ် ပြီး၊ သခင်နု၊ သခင် အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင် သန်းထွန်းလို့ ခေါ်ခဲ့ကြတာဖြစ် တယ်။ ''မင်းတို့ဆရာကိုလေ စာရင်း တို့ကာသာ ထားလိုက်ပေတော့''လို့ ဆိုခဲ့တဲ့ဆရာကြီး ဦးလွန်းတောင် တပည့်တွေဆင်နွှဲတဲ့ တိုက်ပွဲတိုင်း ရှေ့က မားမားမတ်မတ်နဲ့ ပါမြဲဖြစ် တဲ့အတိုင်း ''သခင်ကိုယ်တော်မှိုင်း'' ဖြစ်သွားခဲ့ရပါတယ်။
ဇွတ်ရိုက်မသွင်းသင့်
ယဉ်ကျေးတယ်ဆိုတာ အင်မတန်လိုလားအပ်တဲ့အရာဖြစ်တယ်။ လူအတော်များများက အောက်ကျို့တာနှိမ့်ချတာကို ယဉ်ကျေးမှုလို့ထင် မှတ်မှားနေကြပြီး၊ အောက်ကျို့နှိမ့်ချ စိတ်ထားဖို့ သွန်သင်ဆုံးမလေ့ရှိကြ တယ်။ ''လူ့အောက်ကျို့လို့မသေ ပါဘူး''ဆိုတဲ့ ဆိုရိုးစကားတောင် ရှိခဲ့ တယ်။ အောက်ကျို့လွန်း နှိမ့်ချလွန်း တဲ့စိတ်ကနေပြီး'ကျွန်စိတ်'ပေါက်ဖွား လာရတာလို့ ယုံကြည်တဲ့အတွက် သဘောမကျပါဘူး။ ပလွှားဝင့်ဝါ မရှိတာ၊ မောက်မာစော်ကားမရှိတာ အင်မတန်ကောင်းတယ်။ ဒါမျိုးကို အားပေးရမှာ။ဒီစိတ်ဓာတ်မျိုးမွေးရမှာ။အောက်ကျို့တာနှိမ့်ချတာတော့ အားမပေးသင့်ဘူး။ ကလေးတွေ ခေါင်းထဲ ဇွတ်ရိုက်မသွင်းသင့်ဘူး။
ထိုက်တန်တဲ့လေးစားမှု
လူယဉ်ကျေးဆိုတာ တစ်ဖက်သားကို လူတစ်ယောက်အနေနဲ့ တန်ဖိုးထားလေးစားတတ်ခြင်းကို ခေါ်တာဖြစ်တယ်။တစ်ဖက်သားရဲ့ အပေါ်ယံပကာသနအဆောင်အယောင် တွေကိုကြည့်ပြီး'ခယ၀ပ်တွား'ဆက်ဆံတာကို ခေါ်တာမဟုတ်ဘူး။ ပြာတာပဲဖြစ်ဖြစ်၊ဆိုက်ကားသမားပဲ ဖြစ်ဖြစ်၊ ယုတ်စွအဆုံး သူတောင်းစားပဲ ဖြစ်ဖြစ်၊ လူသားအနေနဲ့ ကြည့်မြင်ပြီး၊လူသားအနေနဲ့ ထိုက်သင့်တဲ့ အလျောက် လေးစားမှုပေးဆက်ဆံတာဟာ ယဉ်ကျေးခြင်းဖြစ်တယ်။ ဘယ်သူ့ကိုမဆို အောက်ကျို့နှိမ့်ချပြီး ဆက်ဆံဖို့ မလိုဘူး။ ထိုက်တန်တဲ့ လေးစားမှုပေးဖို့သာလိုတယ်။
ဆင်းရဲရင်မကန်တော့ချင်
မှန်တာပြောရရင်လူအချင်းချင်းလူလို့မြင်ပြီး လေးလေးစားစား တန်ဖိုးထားတာမျိုး တွေ့ရခဲတယ်။ ပိုက်ဆံငွေကြေးလို၊ ရာထူးအာဏာလို၊ အပေါ်ယံပကာသနတွေကို ကြည့်ပြီးဆက်ဆံကြတာပဲ အတွေ့ရများတယ်။ သွေးမတော်သားမစပ်တဲ့ ငွေရှိသူ ဂုဏ်ဒြပ်နဲ့ရာထူး အာဏာရှိသူကို အခါကြီးရက်ကြီး ရောက်တိုင်း မမေ့မလျော့နှစ်စဉ် ယဉ်ကျေးမှုအရဆိုပြီး သွားကန့်တော့ တတ်ကြပေမယ့် ငွေမရှိ၊ ရာထူးအာဏာမရှိ ဆင်းရဲမွဲတေတဲ့ ဆွေမျိုးရင်းချာများကိုတော့ ကန် တော့ဖို့ မေ့လျော့နေတတ်ကြတာများတယ်။ယဉ်ကျေးမှုဆိုတာ လူအချင်းချင်းလူလိုမြင်ပြီး လူလိုလေးစား တန်ဖိုးထားတတ်ခြင်းကိုခေါ်တာ ဖြစ်ပါတယ်။ အဲဒီလိုယဉ်ကျေးမှုထွန်း ကားစေဖို့ကိုပဲ မျော်လင့်ရပါတယ်။
...................................................................................
ရွက်ကြမ်းရည်ကြိုကမ္ဘာကြီး.
written by...လူထုစိန်ဝင်း
ခုတလော ဘောလုံးပွဲတွေ မလွတ်တမ်းကြည့်ဖြစ်နေတာကြောင့် တစ်နေ့နှစ်ပုဒ် ရေးနေကျစာတွေ မရေးနိုင်ဘူး။ စာဖတ်ပရိသတ်အပေါ် ပျက်ကွက်မှု ဖြစ်ရတာ စိတ်မကောင်းဘူး။ စာဖတ်ပရိသတ်အများစုကလည်း ဘောလုံးပွဲတွေ ကြည့်နေကြမှာမို့ ဂျာနယ်တွေအပေါ် သိပ်အာရုံရောက်မှာ မဟုတ်ပါဘူးလို့ ကိုယ့်ဟာကိုယ် ဖြေတွေးတွေးရတယ်။
ပျင်းစရာကောင်းတယ်
လေးနှစ်မှတစ်ကြိမ် ကြည့်ရတဲ့ ကမ္ဘာ့ဖလားပွဲတွေမို့သာ ကြည့်ရတာ တယ်အားရလှတယ်တော့ မဟုတ်ဘူး။ ကြည့်ပြီးသမျှ တစ်ပွဲမှ ရာနှုန်းပြည့် ကျေနပ်အားရသွားတာ မရှိဘူး။ အုပ်စုအဆင့်ပွဲတွေ ပျင်းစရာကောင်းသလို ရှုံးထွက်အဆင့်ပွဲတွေလည်း တစ်ပွဲမှ ရင်ခုန်စရာမရှိဘူး။ နာမည်ကြီး အီတလီ၊ ပြင်သစ်၊ အင်္ဂလန်ဆိုတဲ့ အသင်းကြီးတွေများ ကမ္ဘာ့ဖလား အဆင့်လို့ ပြောရလောက်တဲ့ အရည်အချင်းမျိုး နည်းနည်းလေးတောင် မတွေ့ခဲ့ရဘူး။ အာရှက တောင်ကိုရီးယားနဲ့ ဂျပန်၊ အာဖရိက က အိုင်ဗရီကို့စ်နဲ့ ဂါနာအသင်းတွေလောက်တောင် ခြေစွမ်းထုတ်မပြနိုင်ခဲ့ကြဘူး။
အိုဗားမားကို သတိရ
အနိုင်ရနေကြတဲ့ ဘရာဇီးလ်၊ အာဂျင်တီးနား၊ စပိန်ဆိုတဲ့ အသင်းတွေကလည်း 'အနူတောမို့ လူချော' ဖြစ်နေကြတာ။ ရော်နယ်လ်ဒို၊ ရီဗယ်ဒို၊ ရောဘတ်တိုကားလို့စ်၊ ကာဖူးတို့ခေတ်က အသင်းတွေလို ရင်သပ်ရှုမောလို့ ဆိုရလောက်တဲ့ ခြေစွမ်း မျိုးတွေ ရှိကြတာ မဟုတ်ပါဘူး။ ဒီနှစ် ခြေစွာတယ်ဆိုတဲ့ ဟော်လန်အသင်းကလည်း ဘားကမ့်တို့၊ အိုဗားမားတို့လို အာဆင်နယ်ကစားသမားတွေခေတ် ခြေစွမ်းကို မမီကြသေးပါဘူး။ ကိုယ်ခန္ဓာ လုံးလုံးကျစ်ကျစ်နဲ့ ဘယ်တောင်ပံကနေ ပြေးအား ကောင်းကောင်းနဲ့ နောက်ခံလူ နှစ်ယောက်၊ သုံးယောက်ကြားက လိမ်ကောက်ဖြတ်ထွက်တတ်တဲ့ အိုဗားမားရဲ့ ကစားဟန်တွေကို ဒီနေ့ထိ မျက်စိထဲမှာ မြင်ယောင်နေမိပါသေးတယ်။
ဖီဖာဥက္ကဋ္ဌရဲ့စကား
ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာက နှစ်ပေါင်း ၂၀ အတွင်း အကောင်းဆုံး ကမ္ဘာ့ဖလားပွဲလို့ ပြောလိုက်တာက ဘောလုံးအဆင့်အတန်းကို ပြောတာလို့ မထင်ဘူး။ ငွေကြေးအမြတ်အစွန်းနဲ့ ကျော်ကြားမှုကို ပြောလိုက်တာလို့ပဲ ထင်တယ်။ နှစ်ပေါင်းခြောက် ဆယ်လောက် ဘောလုံးပွဲတွေကို စွဲစွဲလမ်းလမ်းကြည့်လာတဲ့ ၀ါသနာအိုးတစ်ယောက် အမြင်မှာတော့ ဘာမှကို စွဲမက်လောက်စရာ မရှိပါဘူး။ ပါရမီရှင်လို့ ခေါ်နိုင်လောက်တဲ့ လူငယ်လေးတွေလည်း ပေါ်ထွက်လာဖို့ မမြင်ပါဘူး။ ဘာကြောင့် ခုလို ယတိပြတ် ပြောလိုက်တာလဲဆိုတော့ ကွာတားဖိုင်နယ်အဆင့်မှာ ကျန်ရစ်ခဲ့တဲ့ အသစ်တိုင်းလိုလိုမှာက မြင်နေကျ၊ တွေ့နေကျ လူဟောင်းတွေချည်း ဖြစ်နေလို့ပါပဲ။
ဘက်စုံကျဆင်း
ဘောလုံးပွဲတွေကြည့်ပြီး အားမလို အားမရဖြစ်ပေမယ့် အပြစ်တော့ မတင်ပါဘူး။ အရည်အသွေး အဆင့်အတန်းတွေ ယုတ်လျော့ကျဆင်းလာတာက ဒီတစ်ခုမှ မဟုတ်တာ။ ကမ္ဘာနဲ့ချီပြီးတော့ကို ဘက်ပေါင်းစုံ ကျဆင်းသွားတာ မဟုတ်လား။ လက် ဝှေ့လောကဘက် ကြည့်ပါဦး။ ဖလွိုက်ပတ်တာဆင်လို၊ ရော့ကီးမာစီယာနိုလို၊ ကက်စီးယပ်ကလေးလို ပညာရှင်တွေ ဘယ်မှာ ပေါ်ထွန်းလာတော့လို့လဲ။ နောက်ပေါ်လာတာတွေက ဆန်နီလစ္စတန်လို၊ မိုက်တိုင်ဆန်လို နွားသတ်သမားမျိုးတွေချည်း မဟုတ်လား။ ရုပ်ရှင်တို့၊ ဘာတို့ ကြည့်လိုက်တော့လည်း အနုပညာစွမ်းပြ ကားမျိုးတွေ တစ်နှစ်လုံးနေလို့ ၁၀ ကား ကြည့်ရဖို့တောင် မလွယ်တော့ဘူး။ အီးတီလို၊ ဂျူရာစစ်ပတ်ခ်လို၊ စတားဝါးလို ကားမျိုးတွေနဲ့ မိုးပျံလူသား၊ လင်းနို့လူသား၊ ပင့်ကူလူသားစတဲ့ အတတ်ပညာစွမ်းပြ ကလေးကြိုက် ကားမျိုးတွေချည်း တွေ့နေရတယ်။ အာကာသသိပ္ပံပညာ အခြေခံ ရိုက်ပြတယ်ဆိုတဲ့ ကားမျိုးတွေမှာတောင် လူသားတွေထက်တောင် အတတ်ပညာ အဆင့်မြင့်လှပါတယ်ဆိုတဲ့ ဂြိုဟ်သားတွေက ဘာကောင်မှန်း ညာကောင်းမှန်း မသိရတဲ့ အကောင်ဗလောင်တွေချည်းပါပဲ။
ရှေးက ခေါင်းဆောင်တွေကိုလွမ်း
နေ့စဉ် မီဒီယာတွေမှာ မြင်တွေ့နေရတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကြည့်လိုက်ပါဦး။ ချာချီတို့၊ ဒီဂေါတို့၊ ရုစဗဲ့တို့၊ စတာလင်တို့ ဆိုတာထား။ သူတို့ရဲ့ ထက်ဝက်လောက်သာ အရည်အချင်းရှိကြတဲ့ ခရုရှော့၊ ကနေဒီတို့ခေတ်က ခေါင်းဆောင်မျိုးတောင် ဘယ်နိုင်ငံမှာ ရှိလို့လဲ။ အာရှတိုက်မှာလည်း နေရူး၊ ချိုအင်လိုင်း၊ ဆူကာနို၊ သီဟာနု၊ အလီဘူတို စတဲ့ ခေါင်းဆောင်ကြီးတွေမျိုး ပေါ်ထွက်မလာကြတော့ဘူး။ အာဖရိကတိုက်မှာလည်း အီဂျစ်က နာဆာ၊ ဂီနီက ဆီကိုတိုရေး၊ ဂါနာက ဇွာမေ၊ မနာကရူး မား၊ တန်ဇန်နီးယားက ဂျူးလိယက် ညီရေးရေး၊ ဇမ်ဘီယာက ကဲနက်ကအွန်းဒါး၊ ကင်ညာက ဂျိုမိုကင်ညတ်တာ၊ အယ်လ်ဂျီးယားက အာမက်ဘင်ဘဲလား၊ မာလီက မိုဒီဘိုကေးတား စတဲ့ ခေါင်းဆောင်တွေလို အနောက်နိုင်ငံတွေကတောင် လေး စားရတဲ့ ခေါင်းဆောင်မျိုးတွေ မတွေ့ရတော့ဘူး။
ပစ္စန္တရစ်အရပ်
ကမ္ဘာကြီးတစ်ခုလုံး နယ်စုံဘက်စုံမှာ တော်ရုံသင့်ရုံ ရွက်ကြမ်းရေကျိုအဆင့် (Mediocre) တွေချည်း မြင်တွေ့နေရတယ်။ ပညာခေတ်၊ ပညာခေတ်နဲ့ အော်နေကြတာကလည်း နည်းပညာတွေသာ ထွန်းကားတိုးတက်လာတာ ဖြစ်ပြီး အသိဉာဏ် ပညာပိုင်းမှာတော့ ထင်သလောက် တိုးတက်မလာပါဘူး။ စိတ်ယဉ်ကျေးမှုပိုင်းကို ကြည့်လိုက်ရင်တော့ စိတ်ပျက်စရာတွေချည်း လိုလိုပါပဲ။ လူတွေဟာ ဘယ်ခေတ်ဘယ်အခါကနဲ့မှ မတူအောင်ကို ရိုင်းစိုင်းမှုလွန်ကဲပြီး ရက်စက်ကြမ်းကြုတ်မှုတွေက လည်း ကမ်းကုန်အောင်ကို ဖြစ်နေပါတော့တယ်။ ကမ္ဘာကြီးတစ်ခုလုံးဟာ နေချင့်စဖွယ် လုံးဝမကောင်းတော့တဲ့ ပစ္စန္တရစ်အရပ် ဖြစ်နေပြီလို့ပြောရင် လွန်လိမ့်မယ်မထင်ဘူး။
အာနိုးရဲ့ ရုပ်ရှင်လို
ဒီလို ဘက်စုံအရည်အသွေးတွေ ယုတ်လျော့ကျဆင်းပြီး ပစ္စန္တရစ်အရပ်ကြီး ဖြစ်နေတာကို ကျွန်တော်တို့တတွေ တားဆီးခြင်း မပြုနိုင်ဘူးဆိုရင် နောင်လာနောက်သား ကျွန်တော်တို့ သားမြေးများလက်ထက်မှာ အာနိုးရဲ့ Terminator ရုပ်ရှင်ကားတွဲတွေ ထဲကလို မြို့ကြီးပြကြီးတိုင်းမှာ လူဆိုးလူမိုက်ဂိုဏ်းတွေ ကြီးစိုးပြီး လူတွေမျိုးပြုတ်အောင် သတ်ဖြတ်မှုတွေ လွှမ်းမိုးလာဖွယ်ရာ ရှိတယ်။
တာဝန်ကျေဖို့လို
အဲဒါကြောင့် ရတောင့်ရခဲ လူ့အဖြစ်ကို ရလာခိုက်လေးမှာ လူပီပီသသ၊ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ဖို့အတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီတာဝန်ကို ကျွန်တော်တို့ လျစ်လျူရှုထားခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ သားမြေးတွေ မရှုမလှ ခံကြရမှာ ဖြစ်တယ်။ကိုယ့်ရင်သွေး သားသမီးလေးတွေကို တကယ်ချစ်မြတ်နိုးကြတယ်ဆိုရင် ကျွန်တော်တို့အားလုံး တာဝန်ကျေကြရပါလိမ့်မယ်။
from weekly eleven journal..
.........................................................................
အတုအယောင်အပျက်တွေကို အတုမခိုးနဲ့
Written by လူထုစိန်ဝင်း
မြန်မာတွေဖတ်ဖို့ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ စာနယ်ဇင်းတွေထဲမှာ မြန်မာလိုစာတွေရေးရင်းနဲ့ အင်္ဂလိပ်စာလုံးတွေရော ညှပ်ရေးကြတာများကို မနှစ်မြို့နိုင်ကြောင်း မကြာခဏရေးခဲ့တယ်။ လက်ခံသူရှိသလို လက်မခံသူလည်း ရှိတယ်။
ဟိုမရောက် ဒီမရောက်တွေ
ဒါကသဘာဝမို့ အထူးပြောစရာ မရှိပါဘူး။ ကိုယ်ကမနှစ်သက်ပေမယ့် နှစ်သက်သူလည်း ရှိမှာပေါ့။ နှစ်ခြိုက် သဘောကျလို့လည်း ရေးနေကြတာပဲ။ သူ့အကြောင်းနဲ့သူ ရှိပါလိမ့်မယ်။ ကိုယ်မနှစ်သက်တာလည်း အကြောင်းမဲ့သက်သက် အင်္ဂလိပ်စာ၊ အင်္ဂလိပ် ယဉ်ကျေးမှုကို မုန်းလို့မဟုတ်ပါဘူး။ မုန်းစရာလည်းမဟုတ်ပါဘူး။ အင်္ဂလိပ်စာကို မမုန်းသလို မြန်မာစာကိုချစ်လွန်းလို့လည်း မဟုတ်ပါဘူး။ သူလိုငါလိုထက်မပိုပါဘူး။ မုန်းတာက ဟိုလိုလို ဒီလိုလိုနဲ့ မြန်မာစာလည်းမဟုတ် အင်္ဂလိပ်စာလည်းမဟုတ်တဲ့ ဟိုမရောက် ဒီမရောက်စာမျိုးတွေ ဖြစ်တယ်။
မမှန်တဲ့အင်္ဂလိပ်စကား
မြန်မာလိုရေးရင် မြန်မာစာပီသစေချင်သလို အင်္ဂလိပ်လိုရေးရင်လည်း အင်္ဂလိပ်စာ ပီသစေချင်တယ်။ ကမ္ဘာ့ဖလားပွဲသတင်းရေးရာမှာToday match, Tomorrow match ရေးတာ မျိုးမဖြစ်စေချင်ဘူး။ ဒီအရေးအသား က ယနေ့ပွဲ၊ နက်ဖြန်ပွဲဆိုတဲ့ မြန်မာစကားကို အဓိပ္ပာယ် ပြန်ရေးထားတာ ဖြစ်တယ်။အင်္ဂလိပ်စကားမဟုတ်ဘူး။ အင်္ဂလိပ်လိုရေးရင် Today's match, Tomorrow's match လို့ရေးရမှာ မဟုတ်လား။ မမှန်မကန်ရေးမယ့်အစား ယနေ့ပွဲ၊ နက်ဖြန်ပွဲလို့ မြန်မာလိုရေးလိုက်ရင် ဘာဖြစ်သွားမှာ မို့လဲ။
အကြွားလွန်တော့ ရယ်စရာဖြစ်
တချို့ကျတော့လည်း မှန်တော့ မှန်တယ်။ ဒါပေမဲ့ မလိုအပ်ဘဲနဲ့ အင်္ဂလိပ်စာတွေ ထည့်ရေးလွန်းအားကြီးတော့ တတ်ကြောင်းသိပ်ကြွားချင် မှန်းသိသာပြီး လူရယ်စရာဖြစ်သွားတယ်။ သတင်းလို့ ရေးနိုင်ပါလျက်နဲ့ News လို့ရေးလိုက်တာမျိုး၊ နည်းပညာစက်မှု အတတ်ပညာလို့ ရေးရင်ဖြစ်လျက်နဲ့ တက္ကနော်လော်ဂျီလို့ရေး လိုက်တာမျိုး၊ လူတိုင်းအလုပ်သမားလို့ ရေးနေတာကို လေဘာလို့ ရေးလိုက်တာမျိုးတွေပေါ့။ ဘိုလိုရေးချင်ပြီး အသံထွက်မမှန်တော့ ကိုယ်ညံ့ တာထုတ်ကြွားသလိုဖြစ်နေတာမျိုးတွေလည်း အများကြီးရှိသေးတယ်။
အဲယားဝေးတဲ့လား
ထိုင်းလေကြောင်းလို့ ရေးလိုက်ရင်ပြီးနေတာကို ထိုင်းအဲယားဝေးလို့ ရေးလိုက်တော့ ကြည့်မကောင်းဘူး။ အိုင်ဒီယောလော်ဂျီ(ideology)ကို အိုင်ဒီအိုလော်ဂျီ၊ အီဒီအိုလော်ဂျီစသဖြင့် ရေးလိုက်တော့လည်း ရယ်စရာဖြစ် သွားတယ်။ ရှေးကသဘောတရားတို့၊ အတွေးအခေါ် အယူအဆတို့ဆိုပြီး ဘာသာပြန်ခဲ့ကြလို့(Socialist Ideo-logy)ကို ဆိုရှယ်လစ်သဘောတရားလို့ ရေးခဲ့ကြ၊နားလည်ခဲ့ကြပြီးသား မဟုတ်လား။ ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိဆိုသလို အကြွားလွန်ရင် ရယ်စရာဖြစ်တတ်တယ်။
မြန်မာပြည်ဆိုတာ ကမ္ဘာပေါ် မှာ လူဦးရေအများဆုံး နိုင်ငံကြီးနှစ်ခု ကြားမှာ တည်ရှိနေတဲ့ နိုင်ငံသေးသေးလေး တစ်ခုသာဖြစ်တယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့မေ့ထားလို့ မရပါဘူး။ စာပေနဲ့ယဉ်ကျေးမှုကို ၀ါးမျိုခံမသွားရအောင် သတိကြီးစွာ ထားနေကြရပါမယ်။ စာပေနဲ့ယဉ် ကျေးမှု ပျောက်ကွယ်သွားရင် လူမျိုးပါ ကွယ်ပျောက်သွားမှာ ဖြစ်ပါတယ်..
အင်္ဂလိပ်စာတန်းထိုးရုပ်ရှင်တွေ
စာနယ်ဇင်းတွေမှာသာ မဟုတ်သေးဘူး။ အခုတစ်လောမြန်မာရုပ်ရှင်တွေမှာပါ အင်္ဂလိပ်စာတန်းထိုးတွေ ဖက်ရှင်ဖြစ်လာတာ သတိထားမိတယ်။ အတော်များများက Today match ယနေ့ပွဲရေးသလိုမျိုး မြန်မာစကား ကို အင်္ဂလိပ်အဓိပ္ပာယ် ပြန်ထားတာမျိုးတွေ ဖြစ်နေတာလည်း သတိထား မိပါတယ်။ မြန်မာတွေဖတ်ပြီး အတုယူမှားရင် မကောင်းသလို နိုင်ငံခြားသားဖတ်မိရင်လည်း ကိုယ့်လူမျိုးကို အထင်သေးသွားစရာဖြစ်တယ်။ ကိန်း ရုပ်ရှင်ပွဲတော်လို ပွဲကြီးကိုသွားပြိုင်မှာ မို့ အင်္ဂလိပ်စာတန်းထိုးတယ်ဆိုရင် နားလည်နိုင်သေးတယ်။ မြန်မာတွေ ကြည့်ဖို့ မြန်မာပြည်တွင်းမှာပဲ ပြနေကြတာတွေကို အင်္ဂလိပ်စာတန်းထိုးတာတော့ ကြွားချင်တာသက်သက်ပဲလို့ ကောက်ချက်ချမိတယ်။
ချက်အရက်က၀ီစကီမဖြစ်ရ
အင်္ဂလိပ်စကားလုံးတွေ ထည့်ရေးတိုင်း အင်္ဂလိပ်စာတန်းတွေ ထိုးပြတိုင်းနိုင်ငံတကာအဆင့်မီ ဖြစ်သွားပြီ ထင်ရင်တော့ တော်တော်သနားစရာ ကောင်းတယ်လို့ပြောရမှာပဲ။ ချက်အရက်ကို အင်္ဂလိပ်လို ရေးထားတဲ့ တံဆိပ်ကပ်ရောင်းရုံနဲ့ ၀ီစကီဖြစ်သွားတာမှ မဟုတ်တာ။ အရေးကြီးတာက ကိုယ့်ပစ္စည်းကောင်းဖို့သာ ဖြစ်တယ်။ ကဗျာ ဆရာကြီးတဂိုးဟာ အင်္ဂလိပ်စာတတ် ပေတတ်ကြီးဖြစ်တယ်။ တစ်ခါတလေ မှာ အင်္ဂလိပ်လိုရေးလေ့ရှိတယ်။ ဒါပေ မဲ့ သူ့ကဗျာအများစုကို သူ့မိခင်ဘာသာ စကားဘင်္ဂါလီဘာသာနဲ့ပဲ ရေးပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကားတိုင်းလိုလိုနဲ့ တဂိုးရဲ့ကဗျာတွေကို ဘာသာ ပြန်ယူကြပါတယ်။ ရုရှားဘာသာနဲ့ ရှိသလို တရုတ်ဘာသာနဲ့လည်း ရှိပါတယ်။
အင်္ဂလိပ်လိုရေးကြပါ
ကမ္ဘာကျော်စာရေးဆရာကြီး တော်လ်စတွိုင်းရဲ့လက်ရာအားလုံးကိုလည်း ဘာသာပေါင်းစုံဘာသာပြန်ခဲ့ ကြပါတယ်။ ဆရာကြီးက ရုရှားဘာ သာနဲ့ပဲရေးခဲ့တာဖြစ်တယ်။ ကမ္ဘာတစ်ခွင်လုံး ပျံ့နှံ့ခဲ့တဲ့ ကားလမတ်ရဲ့ ကွန်မြူနစ်ဝါဒကျမ်းတွေလည်း ဂျာမန်ဘာသာနဲ့ ရေးခဲ့တာတွေချည်းပါပဲ။ ဒါတွေပြောတာက မြန်မာတွေ မြန်မာလိုပဲရေးကြ၊ တခြားဘာသာတွေနဲ့ မရေးကြနဲ့လို့ ပြောတာ မဟုတ်ပါဘူး။ တခြားဘာသာတွေနဲ့ ရေးနိုင်ရင် အင်မတန်ကောင်းပါတယ်။ အင်္ဂလိပ်ဘာသာနဲ့က မြန်မာတွေပိုရင်းနှီးတော့ အင်္ဂလိပ်ဘာသာနဲ့ စာတွေရေးပြီးထုတ်ကြပါ။ နိုင်ငံခြားက စာနယ်ဇင်းတွေ မှာလည်း မြန်မာအကြောင်း ကမ္ဘာသိ အောင်ရေးကြပါလို့ နှိုးဆော်ပါတယ်။
ဖျင်း ဖျင်းတယ်ပေါ့
ဝါးလုံးခေါင်းထဲ လသာသလို မြန်မာစာတွေထဲ အင်္ဂလိပ်စာလုံးတွေ ရောညှပ်ရေးနေတာလောက်နဲ့ ကျေနပ်မနေကြပါနဲ့။ မြန်မာစာရေးတဲ့အခါမှာ မြန်မာစာပီပီသသဖြစ်ဖို့ လိုပါတယ်။ အင်္ဂလိပ်စာ ရေးတဲ့အခါမှာ လည်း အင်္ဂလိပ်စာ ပီပီသသ ရေးကြစေချင်တယ်။ Today match ဆိုတာမျိုးကတော့ ရှက်စရာကောင်းတယ်။ လုံးဝမဖြစ်သင့်ဘူး။ မြန်မာက ဝေါဟာရခေါင်းပါးလို့ဆိုတဲ့ ဆင်ခြေက မခိုင်လုံဘူးဆိုတာလည်း လူတိုင်း သိပါတယ်။ ကိုယ့်ဟာကိုယ်ပျင်း ပျင်းတယ်၊ ဖျင်း ဖျင်းတယ်ပေါ့။
အဖော်အချွတ်နဲ့ ဂလိုဘယ်
ဂလိုဘယ်နဲ့ကိုင်မပေါက်နဲ့။ ဘာမှမဆိုင်ဘူး။ အင်္ဂလိပ်စကားဟာ ကမ္ဘာသုံးစကားဖြစ်တယ် ဆိုတာကို အငြင်းမပွားဘူး။ အင်္ဂလိပ်စကား ပြောတာ အင်္ဂလိပ်စာရေးတာကို ကဲ့ရဲ့ပြစ်တင် နေတာလည်း မဟုတ်ဘူး။ အင်္ဂလိပ်စာလည်းမဟုတ်။ မြန်မာစာ လည်းမပီသတဲ့ တောင်မရောက်၊ မြောက်မရောက်၊ ကကတစ်စာ အရေးအသားမျိုးတွေ မဖြစ်ဖို့သာပြောတာ။ ခုခေတ်က ထစ်ကနဲဆို ဂလိုဘယ်နဲ့ ကိုင်ပေါက်ချင်နေကြတာ။ အဖော်အချွတ် ၀တ်စားဆင်ယင်ကြ သူများကလည်း ဂလိုဘယ်ယဉ်ကျေး မှုတို့ ခေတ်ရေစီးကြောင်းတို့၊ နိုင်ငံတကာအဆင့်မီတို့ဆိုတဲ့ စကားမျိုး တွေသိပ်ပြောကြတယ်။ ဘာမှမဆိုင်ဘူး။ တခြားစီပဲ။ သူတို့အတူယူနေကြတဲ့ ဂလိုဘယ်ယဉ်ကျေးမှုဆိုတာ တွေက အစစ်အမှန် အနောက်တိုင်း ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ မဟုတ်ပါဘူး။ ခေတ်ပျက်မှာ ဗရုတ်သုက္ခနဲ့ ထွက်ပေါ်လာတဲ့ ယဉ်ကျေးမှုပျက်တွေသာဖြစ်တယ်။
မြန်မာမှုပြုရမယ်
နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် 'စုတုပြု'လုပ်ရမှာပဲ။ အတုခိုးစရာတွေကို အတုခိုးရမှာပဲ။ ဒါပေမယ့် မူရင်းအစစ်အမှန်တွေကို အတုခိုးကြရမှာပါ။ အတုအယောင်အပျက်တွေကို အတုခိုးရမှာ မဟုတ်ပါဘူး။ အတုယူသင့်တာတွေကို အတုယူပြီး ကိုယ့်တိုင်းပြည်ရဲ့ ရေမြေသဘာဝ၊ ကိုယ့်လူမျိုးရဲ့ ဓလေ့ စရိုက်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် 'မြန်မာမှုပြု' ပြီး ယူရမှာဖြစ် တယ်။ မြန်မာပြည်ဆိုတာ ကမ္ဘာပေါ် မှာ လူဦးရေအများဆုံး နိုင်ငံကြီးနှစ်ခု ကြားမှာ တည်ရှိနေတဲ့ နိုင်ငံသေးသေးလေး တစ်ခုသာဖြစ်တယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့မေ့ထားလို့ မရပါဘူး။ စာပေနဲ့ ယဉ်ကျေးမှုကို ၀ါးမျိုခံမသွားရအောင် သတိကြီးစွာ ထားနေကြရပါမယ်။ စာပေနဲ့ယဉ် ကျေးမှု ပျောက်ကွယ်သွားရင် လူမျိုးပါ ကွယ်ပျောက်သွားမှာ ဖြစ်ပါတယ်။
from weekly eleven journal......
....................................................................