ကဗျာ

ပီကာဆို၏ ပဉ္စလက်မီးအိမ်



ကျောက်ဖြူသား စားပွဲ တစ်လုံးပေါ်မှာ
အူဟောင်းလောင်း ထွက်ကျနေတဲ့
စက္ကူကတ်ပြား သူတောင်းစားတစ်ယောက်
ဘူတာရုံပလက်ဖောင်းတစ်ခုပေါ်က ဆေးလိပ်ပြာများ
ရုပ်ပုံလွှာတစ်ခုရဲ့ ရုပ်ပုံလွှာ။ ။

ရပ်နေတဲ့ နာရီချိန်သီးရဲ့ အလေးချိန်နဲ့
သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ ခဏငယ်များ
ဆန်ကိတ်မုန့် တစ်ခုပေါ်က
မာလာဂါစပျစ်သီး တစ်လုံးရဲ့ အံ့စရာတစ္ဆေ
အလွမ်းနားကို ၀ိုင်အရက်နီ တစ်ကျိုက်ကျိုက်နဲ့
သတ်ပစ်ရင်း ငုပ်ဆင်းသွားတဲ့ လူတစ်ယောက်
ဖယောင်းတိုင်တစ်တိုင်ရဲ့
မျက်စိကျိန်းစေတဲ့ အလင်းရောင်များ။ ။

ပန်းခြံတစ်ခုထဲမှာ
စုတ်ပြတ်နေတဲ့ သံပတ်အပြုံးကိုပြုံး
အိပ်ငိုက်နေတဲ့ ကလေးငယ်တစ်ယောက်ကို
ရင်မှာပွေ့ပြီး
ညစ်ပတ်တဲ့ဗလာခြေထောက်နဲ့ မြေကြီးကို
ကုတ်ဖြစ်ရင်း
ကလေးအဖေရဲ့ အရိပ်နဲ့မေ့လျော့နေတဲ့
သူပုံပန်းသဏ္ထန်ကို
အစပြန်ဖော်နေတဲ့
စိတ်ပျက်ဖွယ် အရူးမငယ်တစ်ယောက်
အ၀တ်စုတ်နဲ့ ထွေးထားတဲ့
မွေးကင်းစ ကလေးငယ်ကို
လမ်းသွားလမ်းလာတွေ လိုက်ပေးနေလေရဲ့။ ။

အနုပညာ ကလေးရွယ်ကို ချော့သိပ်နေတဲ့
အစိမ်းရောင် သစ်သားဂစ်တာတစ်လက်
ဝန်စည်စလယ် အပြည့်တင်လာတဲ့
မီးရတား လက်မှတ်တစ်စောင်
သဘာဝ ရှုမျှော်ခင်းတစ်ခုကို
ဖယ်ပစ်လိုက်တဲ့
လက်တစ်ဖက်။ ။

အတွေးအခေါ်တွေဟာ
အခန်းတံခါးနားက သူတို့နေရာဖြစ်တဲ့
ပေါင်မုန့်တွေ၊ ဖိနပ်တွေနားကို
ပြန်ရောက်ကုန်ကြတယ်။
အတွေးအခေါ်တွေဟာ
မျက်လှည့်နောက်ကို ပါသွားကြတယ
အငွေ့ဖြစ်ကုန်ကြတယ
အကြောတွေ သေကုန်ကြတယ်။
ခံစားချက်ကင်းတဲ့ ကမ္ဘာကြီးတစ်ခု
ပြန်ရှာမတွေ့တဲ့ ကမ္ဘာကြီးတစ်ခု
ဆွေးနွေးပြလို့မရ၊ ရှင်းပြလို့ မရတဲ့ ကမ္ဘာကြီးတစ်ခု
မူးယစ်ခြင်းလည်းရှိ၊ မူးယစ်ခြင်းလည်းမရှိတဲ့ ကမ္ဘာကြီးတစ်ခု
ဝမ်းနည်းခြင်းလည်းဖြစ်၊ ရွှင်ပျခြင်းလည်းဖြစ်တဲ့
ကမ္ဘာကြီးတစ်ခု
ကြင်နာခြင်းလည်းရှိ၊ ရက်စက်ခြင်းလည်းရှိတဲ့ ကမ္ဘာကြီးတစ်ခု
စစ်မှန်ခြင်းလည်းရှိ၊ မစစ်မှန်ခြင်းလည်းရှိတဲ့
ကြောင်မက်ဖွယ်လည်းကောင်း၊ ရယ်ဖွယ်လည်း ကောင်းတဲ့
ညဥ့်ယံလည်းရှိ၊ နေ့ခင်းလည်းရှိတဲ့
ဖြစ်ရိုးဖြစ်စဉ်လဲဟုတ်၊ ဖြစ်ရိုးဖြစ်စဉ်လဲ မဟုတ်တဲ့
ငရဲပြည်လိုလှတဲ့
ကမ္ဘာကြီးတစ်ခု။ ။

မြသန်းတင့်("ပီကာဆို၏ ပဉ္စလက်မီးအိမ်၊ နှစ်သိန်းတန်ထမင်းပွဲနှင့် မိုးကောင်း" ၀တ္ထုမှ

..............................................................................




ဘယ်လိုပဲဖြစ်စေ



လူတွေဟာမကြာခဏအကျိုးသင့်အကြောင်းသင့်မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ။

သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ။

သင့်ဘ၀မှာအောင်မြင်နေပြီဆိုရင်
မိတ်ဆွေတုတွေရလာနိုင်သလိုရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….အောင်မြင်အောင်ဆက်ကြိုးစားပါ။

လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ရိုးသားဖြောင့်မတ်ပါ။

သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ဘ၀တစ်ခုကို
တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….တည်ဆောက်မြဲတည်ဆောက်ပါ။

သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတွေ့ရှိပြီဆိုရင်
သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….စိတ်အေးချမ်းအောင်နေပါ။

သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို
လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ကောင်းတာကိုပဲဆက်လုပ်ပါ။

လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ
ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး
ဘယ်လိုပဲဖြစ်စေ……….လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။

နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့သင်မြင်တဲ့အတိုင်းပါဘဲ
သင်နဲ့တရားသာအတူရှိတော့တာပါ
ငါ ၊မင်း ၊သူတစ်ပါးအကြားမှာဘာမှမရှိပါဘူး။ ။

(နိုဘယ်ဆုရှင်မာသာထရီဆာ၏ မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာ)






Mother Teresa's "Anyway" Poem


People are often unreasonable, illogical and self centered;
Forgive them anyway.

If you are kind, people may accuse you of selfish, ulterior motives;
Be kind anyway.

If you are successful, you will win some false friends and some true enemies;
Succeed anyway.

If you are honest and frank, people may cheat you;
Be honest and frank anyway.

What you spend years building, someone could destroy overnight;
Build anyway.

If you find serenity and happiness, they may be jealous;
Be happy anyway.

The good you do today, people will often forget tomorrow;
Do good anyway.

Give the world the best you have, and it may never be enough;
Give the world the best you've got anyway.

You see, in the final analysis, it is between you and your God;
It was never between you and them anyway.

...............................................................................

ခေါက်ရှာငှက်ကလေးများ



သီချင်းဟောင်းတွေကြောင့် ကမ္ဘာဟောင်းခဲ့ရတယ်
မနေ့ကလည်း ဒါပဲ
ဒီကနေ့လည်း ဒါပဲ
ဒါပဲ
ဟောင်းပြီးရင်း ဟောင်းနေတော့တယ်
အကာအကွယ်မရှိဘဲ ဟင်းလင်း
အတင်းအကျပ် စီးနင်းခံရ
လောကကြီးကို လေ့လာကြည့်တော့
ဘာမှန်းမသိတော့ဘူး
ဘ၀ကို တစ်စစီ လိုက်လိုက်စမ်းရ
ဒီလောက်တောင် ရှူံးရပြီလား
ပေါက်ကွဲချင်တယ်
မျိုသိပ်ပေးလိုက်ရ
အနာဆုံး ဒဏ်ရာပါပဲ
စိတ်နှလုံး ခြောက်ခြားဖွယ်ရာပါလား
ဝန်စည်စလယ်တွေ လေးလေးလံလံ ထမ်းပိုးခဲ့ရ
ဘာတွေမှန်းမသိ
လိုအပ်တာထက် ပိုမိုလှပသာယာလာ
ဒီဘ၀မှာ
ငါပေါင်းရတဲ့ အရာတွေမှန်သမျှ မကောင်း
ငါမပေါင်းရတဲ့ အရာမှန်သမျှသာ ကောင်းခဲ့
ပျော်စရာနေ့ရက်တွေ ပျောက်ဆုံးခဲ့
နေ့ရက်တိုင်း ညှိုးငယ်ခဲ့ရတယ်
သုညမှ ဘာမှမရှိ
စပါးပိုး ကောက်ပိုး အသီးအနှံပိုးတွေ
ဖောက်ချည်ရက်ခဲ့
လေချိုလေအေးတွေ အရှိန်အဟုန်ပြင်းပြင်း
ငါ့ခရီးစဉ်မှာ
ဉာဏ်ကြောင့် ဒုက္ခရောက်ရသည်တဲ့။ ။

မောင်ချောနွယ်

...................................................................................

မြို့ပြ...






ဟန်ဆောင်မှုတွေ ပြည့်ကျပ်နေတဲ့နေရာ...........
မြို့ပြ
ံလူရေခွံခြုံပြီး လူစိတ်မရှိတဲ့ လူတွေနဲ့ ပြည့်ကျပ်နေတဲ့နေရာ........
မြို့ပြ
ရိုးသားမှု တွေ မျိုးတုန်းသွားခဲ့ ရတဲ့ နေရာ..............
မြို့ပြ
အချစ်အတု မေတ္တာအတု သစ္စာအတု စေတနာအတု စတဲ့ အတုတွေနဲ့ ပြည့်ကျပ်နေတဲ့နေရာ.........
မြို့ပြ
သာယာမှုတွေရဲ့ အနောက်မှာ မာယာအမှုတွေ တသီကြီးရှိနေတဲ့နေရာ..............
မြို့ပြ
ခေတ်မှီစည်ကားသလောက် ခေတ်မမှီတော့တဲ့အတွေးအခေါ်တွေ ပိုင်ဆိုင်ထားတဲ့နေရာ........
မြို့ပြ
သားရဲတွင်းကြိးတစ်ခုလို ရက်စက်မှုတွေပြည့်နေတဲ့နေရာ..............
မြို့ပြ
လူကခွေးဖြစ်လိုက် ခွေးကလူဖြစ်လိုက်နဲ့ စတဲ့ပြောင်းပြန်တွေဖြစ်နေတဲ့နေရာ..............
မြို့ပြ
ငါအမုန်းဆုံး နေရာ ဒါပေမဲ့ ငါအချစ်ဆုံးနေရာ..............

(အေးချမ်း)

...................................................................................